Friday, April 2, 2010

lovely traditional arts

မြတ်နိုးတွယ်တာစေသော ရိုးရာ အနုလက်ရာများ
မောင်အေးမြင့် (မြန်မာ့ရိုးရာဒီဇိုင်း)

ရှေးခေတ်လူတို့သည် တွေးခေါ်မှု စွမ်းအားနှင့် လက်မှုစွမ်းကို မိမိတို့ ဖာသာ သိမြင်လာကြသည်နှင့်အမျှ မိမိတို့ နေ့စဉ် အသုံးပြုကြရသော လူသုံးပစ္စည်းများတွင် အလှအပ ဖွဲ့နွဲ့မှုများဖြင့် တန်ဆာဆင်ခဲ့ကြပေသည်။ စားဝတ်နေ အရေးအခင်းတို့တွင် အသုံးပြုရသမျှသော ပစ္စည်းတို့၌ ပူးတွဲ တီထွင် စွမ်းဆောင်ခဲ့ကြသည်။

ဤသို့ဖြင့် လူ့သမိုင်း တလျှောက်တွင် ဒေသအလိုက်၊ လူမျိုးအလိုက်၊ ကြိုက်နှစ်သက်စရာ စွမ်းရည် အမျိုးမျိုး ပါသော အလှအပ ဖွဲ့နွဲ့မှုသည် ပျံ့နှံ့ ထွန်းကားခဲ့လေသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ကျွန်တော်တို့၏ ဘိုးဘွားဘီဘင်များ ဖြစ်သော ရှေးမြန်မာတို့သည် အလားတူပင် မြန်မာတို့အတွေးအခေါ်၊ မြန်မာတို့ အကြိုက် လက်မှုစွမ်းအားဖြင့် နေ့စဉ်သုံး ပစ္စည်းများကို အသုံးချရုံ သက်သက်မျှ သဘောမထားဘဲ အလှအပ မွမ်းမံ ဖွဲ့နွဲ့ စွမ်းဆောင်မှုများ ပြုနိုင်ခဲ့ကြပေသည်။ အစဉ်အလာ ရေးလေ့ ဆိုလေ့ ရှိကြသော ပန်းဆယ်မျိုး ထက် မကသည့် အရေအတွက် ရှိသော လက်မှု အနုပညာရပ်များကို မြန်မာ့နည်း၊ မြန်မာ့ဟန်၊ မြန်မာတို့အကြိုက်ဖြင့် တတ်ကျွမ်း စွမ်းဆောင်ခဲ့ကြသည်ကို တွေ့ကြရမည်သာ ဖြစ်သည်။ ယင်းသို့ ရှေးမြန်မာတို့ တတ်မြောက် စွမ်းဆောင်ခဲ့ကြသည့် လက်မှု အနုပညာ လက်ရာများသည် - - နိုင်ငံတကာ လက်မှု အနုပညာလက်ရာတို့နှင့် ယှဉ်ထိုးလိုက်သည့်အခါဝယ် တွေးခေါ်မှု နှင့် စွမ်းဆောင်မှု နယ်ပယ်၌ မျက်နှာငယ်ရသော အဆင့်တွင် မရှိချေ။

တစ်နည်းတစ်ဖုံ၊ တစ်မျိုး တစ်ဘာသာ၊ သူ့အလှနှင့်သူရှိသော၊ အခြား နိုင်ငံသားတို့၏ အလယ်တွင် ထုတ်၍ပြရဲသော၊ ပွဲလယ်တင့်သော အဆင့်တွင် ရှိသည်ဟု ရဲရဲ ဆိုနိုင်လေသည်။ လက်မှု အနုပညာ စွမ်းရည်ကို အကဲခတ်နိုင်၊ ဝေဖန်နိုင်၊ ခံစားနိုင်သူတို့၏ လေးစား မြတ်နိုးမှုကို ရရှိသည့် အနေအထားတွင် ရှိ၍ နေပေသည်။ ဤသို့ဆိုခြင်းဖြင့် ပိုကဲ၍ ဆိုလေသလား ဟု ထင်ကောင်း ထင်ဖွယ်ရှိသည်။ ဤအဆို မလွန်ကဲကြောင်းကို ယနေ့တိုင် မြင်တွေ့နေရသေးသော လက်မှု အနုပညာ လက်ရာဟောင်း၊ လက်ရာကောင်းများက ပြတိုက်များမှ လည်းကောင်း၊ ဘုရားကျောင်းကန်များမှ လည်းကောင်း၊ ကျေးလက် တောရွာ အိမ်များမှ လည်းကောင်း သက်သေထူကြမည် ဖြစ်ပေသည်။

“လက်မှုအနုပညာ လက်ရာသစ်များ အနေဖြင့်လည်း သက်သေပြုနိုင်ခြင်း မရှိပါလား” ဟု တစ်ခါ မေးဖွယ်ရာ ရှိပြန်သည်။ အနုပညာ လက်ရာသစ်များ၏ ဆုတ်ယုတ်မှုနှင့် ပတ်သက်၍ သီးခြား တင်ပြရလောက်အောင် ကျယ်ပြန်သည့် အနေအထားတွင် ရှိနေပေသည်။ အမှန်တကယ်တွင်မူ မြန်မာ့ လက်မှု အနုပညာ လက်ရာဟောင်းများ၏ ကောင်းချက်များကို စံပြုရေးနှင့် အစဉ်အလာကောင်းများကို ထိန်းသိမ်းနိုင်ရေးအတွက် သက်ဆိုင်ရာ အသီးသီးတို့တွင် တာဝန်ရှိလျက် နေပေသည်။

ဤအချက်ကို ထားဦး၍ ဤဆောင်းပါး၏ မူလ ဦးတည်ချက်ကို ပြန်၍ ကောက်ပါသော် မြန်မာတို့၏ လက်မှု အနုပညာ လက်ရာကောင်းများ၏အဆင့် ပွဲလယ်တင့်ကြောင်းကို သာဓက တင်ပြရန် လိုမည် ဖြစ်သည်။

ကျွန်တော်တို့သည် အမျိုးသားရေးကို ရှေ့တန်းတင်လိုသည့် ဆန္ဒစွဲဖြင့် ကိုယ့်ငါးချဉ် ကိုယ်ချဉ်ရသူများ မဖြစ်လိုပါချေ။ မိမိတို့ လက်မှု အနုပညာလက်ရာများ၏ အဆိုးအကောင်း၊ ပကတိ အခြေအနေများကို မြင်အောင် သုံးသပ်၍ အနုပညာ အရည်အသွေးကောင်းချက်များကို ခံစား သိမြင်ထားရန် လိုအပ်ပေမည်။ ဆိုးချက်၊ ညံ့ချက်များကိုမူ အကြောင်းရင်းများ ရှာကြံ၍ လက်ရာသစ်များတွင် အားဖြည့်သွားကြမည် ဆိုပါက ယခင်ကထက် ပို၍ တိုးတက်သော အနုပညာ လက်ရာသစ်များ အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်ပေသည်။

ဤဆောင်းပါးတွင် ရှေးမြန်မာတို့၏ အိမ်တွင်း အသုံးအဆောင် ပစ္စည်းငယ်လေး ငါးခုမျှကို ပဏာမအားဖြင့် သာဓက ပြနိုင်ရန် ကြိုးစားလိုပေသည်။ ပထမ (ပုံစံအမှတ် ၁ ဖြင့်) ဖော်ပြလိုသည်မှာ - ရှေးလက်ထိုး ယက္ကန်းစင်မှ စက်သီး ဖြစ်သည်။ မုံရွာ၊ ချောင်းဦး တ၀ိုက်တွင် “ညောင့်” သို့မဟုတ် “နသီး” ဟု ခေါ်သည်။ ယင်းစက်သီး၏ အသုံးချမှုမှာ မြန်မာ့ကျေးလက် တောရွာများ၌ ယနေ့ထက်တိုင် အသုံးပြုလျက်ရှိနေသေးသော လက်ထိုး ယက္ကန်းစင်မှ နှပ်လွှားကို အထက်အောင်၊ နှပ်အဖွင့် အပိတ်ဖြစ်စေရန် ပြုလုပ်ပေးရသော ကြိုးလမ်းကြောင်းအား ထိန်းရန်ပင် ဖြစ်သည်။ စက်သီးပုံစံမျှဖြင့် အသုံးချမှုတွင် လုံလောက်ပါသော်လည်း စိတ်ဝင်စားဖွယ်ရာ အလှအပ ဖွဲ့နွဲ့ရန် စဉ်းစား ကြံဆခဲ့ရာမှ ဤသို့သော အနုပညာ ဆွဲဆောင်မှု ပါသော ကိန္ဒရီ ကြေးရုပ်ငယ်လေး ဖြစ်လာခဲ့ရပေသည်။

ဆိုခဲ့သည့်အတိုင်း နှပ်လွှား အဆင်းအတက် ဖြစ်စေရန် ယက္ကန်းခတ်သူ၏ ဘယ်ညာ ခြေဖျားတို့က နင်းလိုက်၊ ကြွလိုက် ပြုလုပ်လိုက်လေတိုင်း နှပ်လွှားကြိုး အတက်အဆင်းကို ဖြစ်စေ၏။ ၎င်းနှင့် တဆက်တည်း ယင်းကိန္ဒရီ၊ ကိန္ဒရာ ကြေးရုပ်ငယ်တို့၏ အောက်ခြေပိုင်းရှိ စက်သီးခေါင်းပွတွင်းမှ အဆံငယ်ကလေးက လှုပ်ရှားစေကာ ခြူသံ ဖြစ်ပေါ်၍ လာမည် ဖြစ်သည်။ ဤစက်သီးမှ ခြူသံ၊ လက်ခတ်မှ ခြူသံတို့က ယက္ကန်းခတ်သူကို စည်းချက်ကျကျ အားပေးနေသည့်နှယ် ရှိချေမည်။ (ပတ်ဝန်းကျင်ကလည်း ယက္ကန်းခတ်သံကို ကြားနေရမည် ဖြစ်သည်။) ယက္ကန်းခတ်သူက စက်သီးဆီသို့ မော့ကြည့်လိုက်တိုင်းလည်း ကဟန် ပြုနေသော ဤကိန္ဒရီ၊ ကိန္ဒရာ မောင်နှံတို့က အဖော်ပြုနေကြပေလိမ့်မည်။

ပြုလုပ်ထားသည့် ပစ္စည်းများမှာလည်း လှပ၍ တကြောင်း၊ ကြေးဖြင့် ဖြစ်နေ၍ တကြောင်း၊ ဘိုးစဉ် ဘောင်ဆက် အမွေအနှစ်ပမာ ကျန်ရစ်ခဲ့ပေသည်။ ဖန်တီးခဲ့သူ၏ စွမ်းရည်မှာ လေးစားထိုက်ပေ၏။ အောင်မြင်ခဲ့ချေ၏။ ဤပစ္စည်းကို လွန်ခဲ့သော ၁၉၆၈ ခုနှစ်၊ အောက်တိုဘာလ အတွင်းက မုံရွာမြို့နယ်၊ ချောင်းဦးမြို့၊ ကူခေါင်းရပ်ရှိ ဒွေးခင်၏ထံတွင် တွေ့ရှိခဲ့ရသည်။ ၎င်း၏ အဖွားလက်ထက်ခန့်ကပင် ရှိခဲ့သည်ဟု ဆိုခြင်းနှင့် လက်ရာ အနေအထားကို မှန်းခြင်းဖြင့် လွန်ခဲ့သော နှစ် တစ်ရာကျော်ခန့်က လက်ရာပင် ဖြစ်ဖွယ်ရှိသည်။ ယင်းကဲ့သို့သော ကြေးကိန္ဒရီ၊ ကိန္ဒရာရုပ်ကလေးများကို မုံရွေးရွာသစ်မှ ဒေါ်ကျွဲ၊ ဒေါ်ခင်မေတို့ထံတွင် လည်းကောင်း တွေ့ရှိခဲ့ပေသည်။ မုံရွေး၊ ကြေးမုံ၊ ချောင်းဦးတ၀ိုက်တွင် ဤသို့သော ကိန္ဒရီ၊ ကိန္ဒရာ ဂျွန်းသီးပုံစံဆင်ကွဲများ၊ အခြား သစ်သား ပန်းပု၊ ဟင်္သာ၊ ဇော်ဂျီ၊ ကျေးငှက်ပုံများကိုလည်း တွေ့ရှိခဲ့ပေသည်။

ဤ ကိန္ဒရီကြေးရုပ်ငယ်၏ အနုပညာ ဖွဲ့စည်းဟန်မှာ အနည်းငယ် လက်ကြီးသည်မှ အပ ကျော့ရှင်းခြင်း၊ သိင်္ဂါရ ရသ ပါရှိခြင်း၊ ကြေးသွန်းခြင်းနှင့် ခတ်ခြင်း နှစ်မျိုးစလုံးကို သင့်လျော်သလို အသုံးပြုထားခြင်း၊ ပုံသဏ္ဌာာန် အဆက်အစပ် မြိုင်ဆိုင်ခြင်းတို့က စံပြုသင့်သည့် အချက်များပင် ဖြစ်ပေသည်။
ဒုတိယ (ပုံစံ အမှတ် ၂ ဖြင့်) တင်ပြလိုသည်မှာ ၀ါးဆေးတံငယ် တစ်ခု ဖြစ်သည်။ အသုံးချမှုမှာ ဆေးတံ ဟု သိမြင်ရုံဖြင့် အထူးရှင်းဖွယ်မလိုတော့သော ပစ္စည်းပင် ဖြစ်သည်။ မြေဆေးတံအိုးများကိုမူ ကုန်းဘောင်ခေတ် တလျှောက်လုံး အသုံးများခဲ့ဟန် တူသည်။ အဘယ်ကြောင့် ဆိုသော် အညာဒေသ အတော်များများတွင် ထွန်ယက်ရာမှာ လည်းကောင်း၊ အိမ်ဆောက်၊ ကျင်းတူးရာများမှာလည်းကောင်း အသုံး အများဆုံး ဖြစ်ပေသည်။ မြေဆေးတံအိုး ပုံစံများမှာလည်း အမျိုးအစား ကွဲပြားစွာ ရှိနေသည်။ မြေဆေးတံအိုး ပုံစံချည်း သီးသန့် မှတ်တမ်းပြုရမည် ဆိုပါက မှတ်တမ်းနေရာ အတော် ပေးရပေလိမ့်မည် ထင်သည်။

ဆေးတံနှင့် ပတ်သက်၍ အမရပူရ ခေတ်ဦး နန်းတွင်းစာဆိုတော် မယ်ခွေ၏ “ဆေးတံတို ဒွေးချိုး” ကို ကြည့်ပါက ထိုခေတ် ဆေးတံကို အမျိုးသားရော အမျိုးသမီးပါ (အပျို၊ လူပျိုများပါ) နှစ်သက် အသုံးပြုကြကြောင်း မှတ်ယူရပေသည်။ ရခိုင်ပြည်နယ် နှင့် အခြား ပြည်နယ်များတွင်လည်း အမျိုးသားရော အမျိုးသမီးပါ ယနေ့တိုင် အသုံးပြုလျက် ရှိနေသေးသည်ကို တွေ့မြင်ရဆဲ ဖြစ်သည်။ ဖော်ပြပါ ဆေးတံငယ်၏ အလှအပ ဖွဲ့နွဲ့မှုမှာမူ ၀ါးမြစ်၏ သဘာဝ အကွေ့အကောက်နှင့် လိုက်လျောညီထွေ စိတ်ဝင်စားဖွယ်ရာ ပြုနိုင်ခြင်း၊ အခြား ဆေးတံများနှင့် ကွဲပြားခြားနားသော ပုံစံကို ဆောင်နိုင်ခြင်း၊ ၀ါး၏ သဘာဝ အရောင်က လှပခြင်း တို့သည် ဤ ၀ါးဆေးတံငယ်၏ နှစ်လိုဖွယ်ရာ ဂုဏ်ရည်များပင် ဖြစ်သည်။ နှစ်ကာလ အားဖြင့် ကိုလိုနီခေတ်အတွင်းက ပြုလုပ်ခဲ့သော ပစ္စည်းတစ်ခုသာ ဖြစ်သည်။ လက်ရာနှင့် တွေးခေါ်ပုံအားဖြင့် အဆင့်မြင့်လှသည်။ မြန်မာဆန်သည်ဟု မဆိုသာချေ။ သို့သော် မတွေ့ရသေးသော အရာတစ်ခုပင် ဖြစ်သည်။

တွေ့ရှိခဲ့သော နေရာမှာ အမရပူရမြို့၊ တောင်တမန်တံတားအနီး၊ တောင်လေးလုံးကျောင်း၊ ဦးပညာဇောတ (ကလောင်အမည် - ကိုပညာ) ထံတွင် အခြားသော အနုပညာ ပစ္စည်းများနှင့်အတူ လွန်ခဲ့သော လေးနှစ်ခန့်က တွေ့ရှိ ရေးမှတ်ခဲ့ခြင်း ဖြစ်သည်။

တတိယ (ပုံစံ အမှတ် ၃ ဖြင့်) ဖော်ပြလိုသည်မှာ - ဖားရုပ် လက်ဖက်အုပ်ပင် ဖြစ်သည်။ အသုံးချမှုမှာ လက်ဖက်သား နုနုကို ဆီအိအိဖြင့် နယ်၍ နားနားနေနေ တမြုံ့မြုံ့ နှိုက်ကာ စားရာ၌ “အုပ်” အဖြစ် အသုံးပြုတန်ရာသည်။ အလှအပ ဖွဲ့နွဲ့မှု အနေဖြင့်မူ ကျွန်းသားတုံးအား ဖားရုပ်သဏ္ဌာန် ယူထားပုံက ဒီဇိုင်း ဖွဲ့စည်းပုံအရ “အား” ပါလှသည်။

ပုံသဏ္ဌာန် တည်ဆောက်မှုအရ “အား” ရှိခြင်း၊ ခြင်းကြောင်းများ မွှမ်းပုံက စနစ်ရှိခြင်း၊ “မျဉ်းဝိုက်များ၏အား” ကို နားလည်စွာ အသုံးချတတ်ခြင်း၊ ဦးခေါင်းပိုင်း ဖွဲ့နွဲ့ပုံက “စရိုက်” မိခြင်း၊ အံဖုံးထားပုံက ပုံသဏ္ဌာန်ကို မထိခိုက်စေဘဲ “သဟဇာတ” ဖြစ်ခြင်း၊ လက်ရာ “သေသပ်ခြင်း” စသည့် အချက်များက ဤပစ္စည်းငယ်၏ အလေးထားအပ်သော ဂုဏ်ရည်များပင် ဖြစ်ချေသည်။

ယင်း “ဖားရုပ် လက်ဖက်အုပ်” ကို တွေ့ရှိရသော နေရာမှာ အမရပူရမြို့၊ လမ်းငါးခွရပ် ဦးဘသိန်း၏ အိမ်တွင် လွန်ခဲ့သော ကိုးနှစ်ခန့်က တွေ့ခဲ့ရခြင်း ဖြစ်သည်။ လွန်ခဲ့သော အနှစ် လေးငါးဆယ် ခန့်က အသုံးပြုခဲ့ရာသည်။ (တောင်တွင်းကြီး)ပြတိုက် တွင်လည်း ဖားရုပ်၊ ငုံးရုပ်၊ ငှက်ရုပ်၊ ကရ၀ိတ်ရုပ်များကို ယခုကဲ့သို့ သစ်သားဖြင့် တစ်မျိုး၊ အုန်းခွံဖြင့် တစ်ဖုံ အနုစိပ် ဖွဲ့နွဲ့ထားသည်များကိုလည်း တွေ့ရှိရပေသည်။

စတုတ္ထ (ပုံစံ အမှတ် ၄ ဖြင့်) ဆက်လက် ဖော်ပြလိုသည်မှာ - လက်သမား ဆရာသုံး ရှေးမြန်မာ ဘီလူးရုပ်ပါ “ဘီလားချိန်” ပင် ဖြစ်သည်။ အသုံးချမှုမှာ ရှေးလက်သမားဆရာတို့ မျဉ်းလဲ (မျက်နှာပြင်) နှင့် မျဉ်းမတ် ချိန် ဆ ရာ၌ အသုံးပြုသည့် ကရိယာတစ်ခုဟု မှတ်သားရပေသည်။

အလှအပ ဖွဲ့နွဲ့မှု အနေဖြင့်မူ ဘီလူးရုပ်ကို ခေါင်းပိုင်း အချက်အခြာ မျှယူ၍ ဖွဲ့စည်း တည်ဆောက်ထားပုံက ရဲရင့်သည်။ “၀ီရ”ရသ ပါသည်။ ခြစ်ကြောင်း အသွားအလာများက စနစ်ရှိ၍ ပြေပြစ်သည်။ အမွမ်းနယ်ပယ် ပြောင်ချိန် ရသော နယ်ပယ်ဟူ၍ ပိုင်းခြားထားသည်က ဖန်တီးသူ၏ မူတရပ်ပင် ဖြစ်သည်။ ဤအချက်များက ဤ “ဘီလူးရုပ် ဘီလားချိန်” ၏ နှစ်ခြိုက်ဖွယ်ရာ ဂုဏ်ရည်မားပင် ဖြစ်ချေသည်။ တွေ့ရှိခဲ့ရသော နေရာမှာ ၁၉၅၉ ခုနှစ်တွင်းက ကျင်းပခဲ့သည့် မန်းရာပြည့် ပွဲတော်တွင် လာရောက် ပြသသော တောင်တွင်းကြီး ပြတိုက် ပြခန်းတွင် ဖြစ်သည်။ တောင်တွင်းကြီးမြို့၊ လက်သမားဆရာကြီး ဦးအုန်း အသုံးပြုခဲ့သော ပစ္စည်း ဖြစ်သည်ဟု ထိုစဉ်က မှတ်သားခဲ့သည်။

ပဉ္စမ (ပုံစံ အမှတ် ၅ ဖြင့်) ဆက်လက် ဖော်ပြလိုသည်မှာ “ကြေးဟင်္သာ” အလေးပင်ဖြစ်သည်။ အသုံးချမှုမှာ ကုန်းဘောင်ခေတ် တလျှောက်လုံးနှင့် မျက်မှောက်ခေတ်တိုင် အများအပြား တွေ့မြင်နိုင်သေးသော အလေးချိန်၊ ချိန်တွယ်ရာတွင် အသုံးပြုသည့် မြန်မာ့ “အလေး” ဖြစ်သည်။ အလှအပ ဖွဲ့နွဲ့မှုနှင့် ပတ်သက်၍ ဖော်ပြပါ ဟင်္သာလေးသည် အတွေ့များသော ဟင်္သာလေးပုံများနှင့် မတူချေ။ ဟင်္သာလေး ပုံစံ မူကွဲ ၆ မျိုး၊ ကျပ်လေးမှ ပိဿာလေးအထိ အစုံလိုက်ကို ပန်းချီ၊ ပန်းပု ပညာရှင် ကိုဝင်းမောင် (မန္တလေး) ထံတွင် တွေ့ဖူး၊ ရေးမှတ်ခဲ့ဖူးသည်။ မန္တလေးမြို့၊ ဆိုင်းတန်းရပ်၊ ဒေါင်းစကြာလုလင် ဆိုသူ မြတ်နိုး စုဆောင်းသူထံတွင်လည်း ကြေးဟင်္သာ အလေးပုံ မျိုးစုံစွာ ရှိသည်။ ဤ ဟင်္သာအလေးပုံမျိုးမှာ ရှားပါးသော၊ တွေ့ရခဲသောပုံစံ ဖြစ်သည်။ ဟင်္သာရုပ်၏ ကနုတ်တက် အခွေအလိပ်များက ကုန်းဘောင်ခေတ် ကနုတ်ဟန် မဆန်ဘဲ ပုဂံဟန်ဘက်တွင် ယိမ်းသယောင် ဖြစ်နေသည်။ ရတနာပုံခေတ် ဟင်္သာပုံကဲ့သို့ ကျော့မော့သွက်လက်သော ဟန်ကို မဆောင်သော်ငြားလည်း အမောက်အတက်၊ အတောင်၊ အမြီးတို့ရှိ အခွေအလိပ်ဟန်များက ဆန်းပြားမှု ရှိစေသည်။ ဆွဲဆောင်မှု ရှိစေသည်။ ဤအချက်များက ဤဟင်္သာအလေး၏ ချစ်စဖွယ် ကောင်းသည့် ဂုဏ်ရည်များပင် ဖြစ်သည်။

တွေ့ရှိရသော နေရာမှာ မန္တလေးမြို့၊ မဟာမြတ်မုနိဘုရား၊ အရှေ့စောင်းတန်းရှိ ကြေးကုန်ဆိုင် တစ်ဆိုင်မှ ကိုဝင်းမောင် (မန္တလေး)က တွေ့ရှိ ရေးမှတ်ခဲ့သည်။ ၎င်းမှတဆင့် ကျွန်တော်က လွန်ခဲ့သော တစ်နှစ်က ရေးကူးခဲ့ပေသည်။

ဖော်ပြသော သာဓကအဖြစ် ရေးဆွဲ တင်ပြခဲ့သော ရှေးဟောင်းပစ္စည်းငယ် ၅ ခုသည် ရှေးမြန်မာလက်မှု အနုပညာရှင်ကြီးတို၏ ပြောင်မြောက်သော လက်ရာ ဟူ၍ ကျွန်တော် မဆို။ ထိုလက်ရာရှင်တို့သည် တော်ဝင်နန်းသုံး ပညာရှင်ကြီးမားလည်း မဖြစ်နိုင်ပါချေ။ ပြည်သူတို့ကြားရှိ သာမန် အလုပ်သမား၊ လယ်သမား လူတန်းစားတွင်းမှ ၀ါသနာပါသူ၊ တတ်မြောက်သူ၊ အတွေးကေင်းသူတို့၏ ဖန်တီးချက် လက်ရာများသာ ဖြစ်ဟန် ရှိသည်။

မည်သို့ပင် ဖြစ်စေ ဤသို့သော လက်ရာ အဆင့်အတန်းရှိ ရှေးဟောင်း လက်မှု အနုပညာ လက်ရာများကာ အပျက်အစီးများ ကြားမှ အထိန်းအသိမ်း မဲ့မှုများ ကြားမှ အနှံ့အပြား ရှိနေပေသေးသည်။

ကျွန်တော်တို့ တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ် အနှံ့အပြားတွင်လည်း အစဉ်အလာ ရိုးရာ အသုံးအဆောင် ပစ္စည်းများသည် စိတ်ပါဝင်စားဖွယ်ရာ လက်ရာများအဖြစ် အများအပြား ရှိနေဆဲပင် ဖြစ်သည်။

ထိုထိုသော ပြည်ထောင်စုသားတို့၏ လက်မှု အနုပညာ လက်ရာများကို စံပြုနိုင်ရေး၊ စုဆောင်းနိုင်ရေး၊ ထိန်းသိမ်းနိုင်ရေး၊ ဖော်ထုတ်နိုင်ရေး၊ ခံစားနားလည်နိုင်ရေး စသည့် တာဝန်ရပ်များအား အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ထမ်းဆောင်ကြပါမှသာလျှင် ဘိုးဘွားအမွေအနှစ် အနုလက်ရာများကို ချစ်မြတ်နိုးရာ ရောက်ချေမည်။

မြတ်နိုးတွယ်တာစေသော ရိုးရာ အနုလက်ရာများကို “ပြည်သူ့ထံမှ ပြည်သူ့ထံသို့” ဖော်ထုတ် တင်ပြကြပါစို့။ ။


[မှတ်ချက် - ၂၀၁၀ ဇန်န၀ါရီလထုတ် မန္တလေးအထင်ကရ မဂ္ဂဇင်းမှ ကူးယူခြင်းဖြစ်သည်။
"ရှုမ၀ရုပ်စုံမဂ္ဂဇင်း (၁၉၇၇)မှ ပြန်လည်ဖော်ပြသည်" ဟု မန္တလေးအထင်ကရတွင် ရေးသားထားသည်။]